မျက်မှောက်ခေတ်တွင် စကုမြို့ဆိုတာ လူသိနည်းပါးသေးသော နေရာ တစ်ခုဖြစ်နေပါသည်။ မင်းဘူးနဲ့ ရွှေစက်တော် ဆိုတဲ့ သီချင်းစာသားလေးကြောင့် မင်းဘူးမြို့နဲ့ ရွှေစက်တော်ကို တွဲ၍ သိကြလင့်စကား မင်းဘူးနဲ့ ဆယ်မိုင်လောက်သာ ဝေးကွာတဲ့ စကုမြို့လေးကိုဆိုရင်ဖြင့်ရွှေစက်တော်မှ ကျောင်းတော်ရာသို့အသွား ခရီးသွားဟန်လွဲ ဖြတ်သွားဖြတ်လာ လုပ်မိရုံကလွဲပြီး စိတ်ထဲဝယ် မှတ်သားမိဖို့က အဆင်မသင့်။ နိုင်ငံတကာ ပညာရေး နယ်ပယ်တွင်လည်း စကုမြို့၏ တည်နေရာကို အလွန်တရာ ခက်ခဲစွာ ရှင်းပြရပါတယ်။ တကယ်ဆို မင်းဘူးမြို့ဆိုတာက ခရီးလမ်းပမ်း အခြေအနေကြောင့်သာ ခုချိန်မှာ မြို့ကြီး သဖွယ် ဖြစ်နေပေမဲ့ ယခင်က မြန်မာမင်း အုပ်ချုပ်မှု စနစ်တွင် စကုခရိုင်အောက်မှာ ရှိဖူးတာပင်။
စာရေးသူက စကုကို လူသိနည်းပါတယ်လို့ အစချီထားပေမဲ့ ရာဇဝင်နဲ့ မဝေးသူဆိုရင် တကောင်းခေတ်က ဖခင်စွန့်ပစ်ခြင်းခံရတဲ့ မျက်မမြင် တော်ဝင်မင်းသားနှစ်ပါးတို့ ဧရာဝတီ မြစ်ကြောင်းအတိုင်း မျောလာတုန်း အစာခိုးစားတဲ့ ဘီလူးမအား ဖမ်းချုပ်ကာ မျက်စိအလင်း ပြန်လည်ရရှိအောင် ကုခိုင်းချိန် စတင်ကုသတဲ့ နေရာကို စကု စက္ခုမြင်ကွင်း အလင်းရတဲ့ နေရာကို စလင်းလို့ မှတ်တမ်းတင်ထားကြောင်း သိကြမှာပါ။ ဒီနေရာမှာ ဧရာဝတီမြစ်ကြောင်းက တွက်ကြည့်ရင် စကုဟာ စလင်းရဲ့ အောက်ဖက်မှာ ရှိနေတာကြောင့် ရာဇဝင်ဟာ အူကြောင်းပေါက်နေကြောင်း စကုမြို့ခံ သမိုင်းပညာရှင် ဆရာဇော်မျိုးဦးက တင်ပြထားပါတယ်။
ဒါပေမယ့် ရာဇဝင်ဆိုတာ ပစ်ပယ်လို့မရကြောင်းကို ဆရာမကြီး ဒေါ်အုန်းကြည်ရဲ့ စလင်းသူကောင်းသမိုင်းမှာ တွေ့ရပြန်ပါတယ်။ စကု၊ စလင်းကို ပျူခေတ်ကတည်းက ထူထောင်ထားပြီး ဖြစ်ကြောင်း၊ ထိုမှတဆင့် ပုဂံခေတ်တွင်လည်း စကု၊စလင်း ဒေသရဲ့ ဖွံ့ဖြိုးစည်ပင်မှု တွေကြောင့် ပုဂံခေတ်ကတည်းကပင် ထိုဒေသတဝိုက်က သူဌေး၊ သူကြွယ်များကို သူကောင်းမျိုးခန့်အပ်ထားကြောင်း အထောက်အထားတွေ့ရပါတယ်။ ဆရာမကြီး တင်ပြထားတဲ့ စာတမ်းငယ်ကို ဒေါက်တာသန်းထွန်း နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် ဗမာ့သမိုင်းဟင်းလေးအိုး အတွဲ၂တွင် ဖတ်ရှုလေ့လာနိုင်ပါတယ်။သူကောင်းမျိုးရိုးစဉ်ဆက် ဇယားနဲ့တကွ လေ့လာနိုင်ပါတယ်။ တဖန် ဆရာတင်နိုင်တိုးရဲ့ ကုန်းဘောင်ခေတ် ထိပ်တန်းအရာရှိကြီးများ ဆိုတဲ့စာအုပ်တွင်လည်း အဆိုပါ ဒေသမှ သူကောင်းမျိုး မောင်နှံတို့ဟာဖြင့် မင်းဧကရာဇ်တို့၏ အထင်ကရ အခမ်းအနားများတွင် တက်ရောက်ခွင့်ရှိပြီး သူကောင်းမျိုးမကြီးများဟာဆိုရင်လည်း မိဖုရားဝင်းခင်း အစဉ်အလာတွင် ထိပ်ပိုင်းမှ ပါဝင်ရန် ခွင့်ရှိသူများ ဖြစ်ကြကြောင်းကို ဆရာဦးထွန်းရီရဲ့ ထွက်တော်မှု အခင်းအကျင်းနှင့် ဝင်းခင်းမှုအစဉ်အလာကျမ်း မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒါက စာပေအထောက်အထားများထဲတွင် တွေ့ရသော စကုဒေသ အစအနများပဲ ဖြစ်ပါတယ်။
မဟာဝိဇ္ဇာ စာတမ်းအတွက် စကုဒေသကို ခြေပစ်လက်ပစ် ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ writing documents ရှားပါးမယ်ဆိုတာ သိခဲ့ပြီးသား ဖြစ်ပါတယ်။ စာလုံးတစ်လုံး၊ ဝါကျတစ်ခုအတွက် ကိုယ်ပိုင် အားထုတ်မှု များစွားနဲ့ အရမ်း ရုန်းကန်ရမယ်ဆိုတာ ကြိုတွေးပြီးသား ဖြစ်လင့်စကား ကြိုးစားခဲ့တာ အမြတ်ဟု ခံယူပြီး မည်သူမျှ ထိတွေ့ဖို့ စိတ်ကူးမရှိတဲ့ နေရာသစ်ကို ရဲရဲဝံ့ဝံ့ ရွေးခြယ်ခဲ့ပါတယ်။ ဆရာဇော်မျိုးဦးရဲ အကူအညီကလည်း အရမ်းအသုံးဝင်ပါတယ်။
အခုလို ရခဲ့သမျှ စကုခြေရာများက တဆင့် သိလိုက်ရတာကတော့ သူကောင်းမျိုးဆိုတာ ဘုရင်တွေ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း သူတို့ရဲ့ ကြွယ်ဝမှုနဲ့ မျိုးရိုးစဉ်ဆက် စောင့်ထိန်းမှုတွေကြောင့် မြန်မာနိုင်ငံရေးအပေါ် လွှမ်းမိုးနိုင်အား political power က ခိုင်မာမှုရှိနေတယ် ဆိုတာ သဘောပေါက်မိပါတယ်။ မင်းတုန်းမင်း တော်လှန်ရေး ကာလများတုန်းက မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားကို အောင်မြင်မှု ရရှိအောင် ထောက်ပံ့ပေးတဲ့ သူကောင်းမျိုးတွေရဲ့ ကဏ္ဍ၊ ဘုရင်အာဏာရပြီးချိန်မှာ ၎င်းတို့၏ အခန်းကဏ္ဍနဲ့ သီပေါဘုရင်အား စည်းမျဉ်းခံ ဘုရင်အဖြစ် ထားလိုတဲ့ ကြိုးပမ်းမှု များစွာရဲ့ နောက်ကွယ်က သူကောင်းမျိုးတို့၏ အသိပညာပွင့်လင်းလာခြင်းကို ကောင်းကောင်း မြင်သာထင်သာ ရှိစေပါတယ်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းချိန်များတွင် ဘုရင်များရဲ့ ဗဟိုချုပ်ကိုင်အား တဖြည်းဖြည်း ကျဆင်းလာရခြင်း မှူးကြီးမတ်ရာများ၏ အခန်းကဏ္ဍ ထင်ရှားလာခြင်း စသည်ဖြင့် လိုသလို ချဲ့ကားလေ့လာစရာတွေ များပြားလှပါတယ်။
မန်းချောင်းလွင်ပြင်၏ မြေဆီသြဇာ ကြွယ်ဝမှုကြောင့် ပုဂံခေတ်က ကုန်းဘောင်ခေတ်၊ ကုန်ကုန်ပြောရရင် ကိုလိုနီခေတ်တိုင် လယ်ယာ ကဏ္ဍတွင် ထိပ်တန်း နေရာယူထားနိုင်သော စကုဒေသဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ကျင့်သုံးသော ဦးနေဝင်းလက်ထက်တွင် လယ်လုပ်သူတိုင်းလယ်ပိုင် ရမည် ဟူသော ဆောင်ပုဒ်အောက်မှာ လယ်ယာတွေ လက်လွှတ်လိုက်ရသော သူကောင်းမျိုးတို့၏ ဓနအင်အား ပျောက်ဆုံးရာကစပြီး နိုင်ငံရေး အင်အားပါ ကျဆင်းကာ စကုရဲ့ အနေအထားဟာလည်း မင်းဘူးရဲ့ အနောက်သို့ ရုတ်လျော့ကျဆင်းခဲ့သည်။
သည်နေရာမှာ တကောင်းမြို့ရဲ့ ခမ်းနားမှုကို မရှုစိမ့်နိုင်သော နယ်ချဲ့ကိုလိုနီတို့က တမင်တကာ မြို့ကြီးပြကြီးအဆင့်မှ ရွာသိမ် ရွာငယ်အဆင့်သို့ ကျဆင်းအောင် ကြံစည်သည်ဆိုသော ဖလော်ဆိုဖီ အတိုင်းဆိုရင် စကုမြို့သေးသိမ်အောင် ပြုတဲ့ တရားခံကိုပဲ ရှာရမည်လား။ သို့မဟုတ် ပြောင်းလဲလာသော မြန်မာ့စီးပွားရေး နိုင်ငံရေး အသုံးဝင်မှုအလိုက် တည်နေရာ အရေးပါပုံ ပြောင်းလဲတတ်ပုံကို ပညာ ရှင်ဆန်ဆန် သုံးသပ်တတ်ဖို့ ကြိုးစားမလား ပြန်လည်ဆန်းစစ် သင့်ပါသည်။
စကုဒေသကို ဝင်လိုက်တယ်ဆိုရင်ပဲ အင်းဝမြို့ဟောင်းထဲကို ရောက်ရသလို ခံစားမှုမျိုး ဖြစ်မိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ၏ ဒုတိယ ပုဂံလို့ တင်စားချင်တာပါ။ သို့သော် ပုဂံကဘုရား ဒါယိကာအများစုလို မင်းဧကရာဇ်များ မဟုတ်တာက တကြောင်း ပုဂံဒေသလို ဒေသခံများနဲ့ ရှေးဟောင်းအမွေအနှစ်များကြားက သံယောဇဉ် ဆက်နွှယ်မှု မျိုးမရှိတာရယ် ရှေးကျတဲ့ အဆောက်အဦးများ ကစလို့ ယခုလက်ရှိတိုင် အမွေအနှစ် တဆက်တည်း ရှိကြောင်း သက်သေနည်းပါးတာရယ် စံပြုရလောက်တဲ့ အနုပညာလက်ရာများ ရှင်သန်ကျန်နိုင်အားနည်းပါးချက်တွေ ကြောင့် ပုဂံကို ဖြင့် ယှဉ်မရနိုင်။ သို့သော် စာရေးသူ ရောက်ခဲ့ဖူးတဲ့ ပခန်းကြီးဒေသ အနီးတဝိုက်က စေတီအစုများလို ပစ်ပယ်ခံထားရတဲ့ အနေအထားမရှိ။ ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ မတ္တရာ အနီးတဝိုက်က စေတီပုထိုးများကဲ့သို့ စွန့်ပစ်ခံထားရခြင်းမျိုးလဲ မဟုတ်၊ အနိမ့် အမြင့်တို့နဲ့လဲ မတူ၊ စစ်ကိုင်းတဝိုက်လို ကျယ်ပြန့်ပြီး နေရာကျဲကျဲ ရှိနေတာမျိုးမဟုတ်ပြန် အင်းဝလိုပဲ တစုတည်း တစည်းတည်းနဲ့ ရှေးအငွေ့အသက် ခံစားမှုမျိုးကို ဖြစ်ပေါ်စေပါတယ်။
ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာတွေထဲမှာ စကုအမည်ကို ပုဂံခေတ်က စပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မကြာခဏ တွေ့ရပါတယ်။ သကုန ငှက်ပေါရာ အရပ်ဟု အဓိပ္ပါယ်ရသော စကုစကားလုံးအကြောင်းနဲ့ ထိုမှတဆင့် စကုသို့ ရွေ့လျောလာကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဆောင်းပါးသဖွယ် ရေးထားတာဖြစ်သောကြောင့် စိတ်ဝင်စားသူများအနေနှင့် စကုမြို့ခံ သမိုင်းပညာရှင် ဦးဇော်မျိုးဦး ရေးသားထားတဲ့ ဆောင်းပါးများထဲမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
ဟုတ်ပြီ
ဒုတိယအကိုးအကားဖြစ်တဲ့ စာပေအထောက်အထားအရ သိရတဲ့ စကုကို တင်ပြပြီးသလောက် ဖြစ်နေပါပြီ။ ပဓာန အကိုးအကားဖြစ်တဲ့ မင်းဘူး စကုမြို့နယ် အတွင်းက မျက်မြင် ရှေးဟောင်း အမွေအနှစ်များစွာကို နောက်အပိုင်းများတွင် ဆက်လက် တင်ပြသွားပါမည်။
သျှင်လေညင်း။
၄၊ ၇၊ ၂၀၁၉။
ရှုတိုင်းမဝ စကုဒေသ- ၂
အမှန်တော့ စကုအကြောင်းကို ကွင်းဆင်းခရီးထွက်ပြီးချိန် ကတည်းက ပူပူနွေးနွေး ရေးခဲ့သင့်ပါတယ်။ ဒါပေမဲ့ ရေးချင်စိတ်မရှိခဲ့ဘူး။ စာတမ်းလုပ်နေတာလဲ ဖြစ်တော့ စာတမ်းဦးစားပေးရမှာလား ဆောင်းပါးရေးရမှာလား ဝေခွဲလို့ မရ ဖြစ်နေပါတယ်။ ဒါပေမယ့် အမေ့လျော့ခံ ပုံစံမျိုးဖြစ်နေတဲ့ စကုရဲ့အနေအထားကို လူတွေသိစေ့ချင်တဲ့ ဖော်ထုတ်ချင်တဲ့ စိတ်ကူးလည်း ရှိခဲ့ပါတယ်။
ဆိုတော့ စကုကို ဘယ်လို ရှုထောင့်ကနေပြီး ပွဲထုတ်ကြမှာလဲ မေးခွန်းက ရှိလာပါပြီ။
ဒီမေးခွန်းကို ဖြေနိုင်ဖို့က စကုမှာ ဘယ်လို သမိုင်းအထောက်အထားတွေ ရှိနိုင်မလဲ အရင် စုံစမ်းရမှာပါ။ အဆိုပါ သမိုင်းအထောက်အထားတွေက ဘယ်လောက်ထိ ရှေးကျပြီး ဘယ်လို အရေးပါ အရာရောက်မလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်။
စကုမြို့ဟာ တောင်မြောက် ၁မိုင် အရှေ့အနောက် ၁မိုင်၊ ၅၇၅ စတုရန်း ဧရိယာ ဧကသာ ကျယ်ဝန်းပါတယ်။ အဆိုပါ အဝန်းအဝိုင်းအတွင်းတွင် စေတီပေါင်း ၁၆၀ဆူ၊ အရံစေတီပေါင်း ၁၉၅ဆူ၊ ရှေးဟောင်းခြင်္သေ့ရုပ်ပေါင်း ၁၇၉ရုပ်၊ နယား၊ မကန်း၊ နဂါး ရုပ်တုပေါင်း ၄၈ရုပ်၊ ရှေးဟောင်းခေါင်းလောင်းပေါင်း ၁၆ခု၊ နတ်ရုပ် ၄ရုပ်နဲ့ ကုန်းဘောင်ခေတ်နဲ့ အခြားနောက်ပိုင်းခေတ်များက ရှေးဟောင်းဘုန်းကြီးကျောင်း များစွာရှိပါတယ်။ စကုဒေသရှိ ရှေးဟောင်းအဆောက်အအုံများဆိုတဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနထုတ် မှတ်တမ်းစာအုပ် ထွက်ရှိပြီးသား ဖြစ်သော်လည်း အဆောက်အဦးပေါင်း ၅၀ကိုသာ မှတ်တမ်းတင်ထားနိုင်ပါသေးတယ်။ ဆက်လက်ပြုစုရန်လိုအပ်သလို ဆက်ဆက် အကောင်အထည် ပေါ်နိုင်ပါစေလို့လဲ ဆုတောင်းချင်ပါတယ်။
စေတီပေါင်း ၁၆၀ဆိုတဲ့ အရေအတွက်ထဲတွင် ပုဂံခေတ်နှောင်းကာလ သက်တမ်းရှိ စေတီတွေလို့ ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များ သတ်မှတ်ပြီး မှတ်တမ်းစာအုပ်တွင်လည်း ထည့်သွင်းဖော်ပြပြီးဖြစ်တဲ့ ဘုရားတွေ ပါဝင်တယ်။ ဆိုလိုချင်တာက စကုမြို့ရှိ မြေပေါ်တွေ့ အထောက်အထားများစွာဟာ ပုဂံခေတ်ကာလ ကတည်းက စတင်ရေတွက်နိုင်ပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အပိုင်း(၁) မှာထည့်သွင်း ဖော်ပြထားတဲ့ ပုဂံခေတ် အလောင်းစည်သူမင်းက ပြည်စိုးဘွဲ့ချီးမြှင့်၍ သူကောင်းပြုခံရသူ စလင်းမြို့တည် သူကြွယ်ကြီးလေးဦး၏ မှတ်တမ်းကို အဆိုပါ ဘုရားများတည်ရှိခြင်းက ထောက်ပံ့ပေးနေပါတယ်။
စကုမြို့ရှိ သာသနိက အဆောက်အဦးများစွာသည် အဆိုပါ ပုဂံမင်း အလောင်းစည်သူ၏ အမိန့်တော်ရ စလင်းသူကောင်းမျိုးဆက်များ၏ ဒါနများဖြစ်ကြပါသည်။ စကု၊ စလင်းဒေသရှိ သာသနိက အဆောက်အဦးများ၏ အရေအတွက်ကတဆင့် စလင်း သူကောင်းမျိုးများ၏ ကြွယ်ဝမှုကိုလည်း မှန်းဆနိုင်ပါသည်။ ထိုမှ ဘုရင်အထွေထွေ ခေတ်အဆက်ဆက်မှာ ကြီးမားသော အခွန်ထောက်ပံ့မှုကို ပေးထားနိုင်ခြင်းနှင့် အတူ ရှေးခေတ်မြန်မာ့ အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အနေအထားတရပ်ကိုလည်း သဘောပေါက်စေပါတယ်။
ဘိုးတော်ဘုရားနှင့် ဦးပေါ်ဦးတို့ရဲ့ လက်သုံးစကားလို “သူ့ချည်းသာလော” ဟုအမေးရှိလာခဲ့လျှင် ပုဂံခေတ် မြေပေါ်အထောက်အထားချည်း မဟုတ် ကျောက်ခေတ်က မြေအောက်အထောက်အထား အညာသားယဉ်ကျေးမှုက စပါတယ် ဘုရားဟု ဖြေနိုင်စရာ အထောက်အထားများစွာ များစွာ စလင်းမြို့တဝိုက်၊ မင်းဘူး- စကုမြို့နယ်တဝိုက် မန်းချောင်းလွင်ပြင်တလျောက်၊ မန်းရေနံမြေ ပိုင်နက်အောက်မှာ မြေအောက်အထောက်အထားများစွာလည်း ရှိပါသေးတယ်။
ပုဂံခေတ် မင်းဘူးခြောက်ခရိုင်ထဲမှာ ပါဝင်လောက်အောင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ မင်းဘူး၊ စကုဒေသ က သူ့ရှေ့မှာ ရှိခဲ့တဲ့ လူနေအထောက်အထားများစွာကို ဘာသာရေး အဆောက် အဦးတွေမှတပါး လယ်ကွင်းတွေအောက် အရောက်ပို့ထားနှင့် ပြီးဖြစ်ခဲ့ ပါတယ်။ ထို့ကြောင့် မြို့ရိုးကြီးတွေ နန်းမြို့ရိုးတွေ နန်းတော်ရာတွေဆိုပြီး ပြစရာတော့ မရှိတော့ပါဘူး။ ဒါပေမယ့် မြို့တည်ရှိ ခဲ့ခြင်း အထောက်အထားဖြစ်တဲ့ ခုချိန် သိပ်ခေတ်စားနေတဲ့ water management system ရေသွင်းရေထုတ် စနစ်ရဲ့ အကြွင်းအကျန်တွေ၊ လက်ရှိ ဆက်လက်သုံးစွဲနေတဲ့ အအောင်မြင်ဆုံး ဆည်ရေသောက်စနစ်တွေ မြင်သာထင်သာရှိဆဲ။
ရေတိုက်စားလို့ ပေါ်လာတဲ့ နေရာများက တွေ့ရတတ်တဲ့ ကျောက်လက်နက်များ၊ လယ်ထွန်တိုင်း၊ တွင်းတူးတိုင်း အလျှံပယ်ထွက်ထွက် လာတဲ့ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်လို့ သတ်မှတ်နိုင်တဲ့ လူသုံးပစ္စည်း များ၊ မန်းချောင်းကမ်းပြိုကျလို့ ပေါ်လာတဲ့ လက်ရေးစင်း အုတ်ရိုးကြီး စသည်ဖြင့် တွေ့ရှိမှုတွေက အံ့မခမ်း။
မြေမီးဖုတ် ရုပ်ကြွ တံဆိပ်ပြား၊ ဗိဿနိုးက အရိုးအိုး ကဲ့သို့ အခြယ်အလှယ်များ ပါရှိသော ပျူအရိုးအိုးကြီး၊ ကြေးပေါ်တွင် အရုပ်ထွင်းထားသော အပြား၊ မိုင်းမောကဲ့သို့ အုတ်ခုံးကို အသုံးပြု၍ ဆောက်ထားသော အဆောက်အအုံ တပိုင်းတစ၊ ယက်ကန်းလွန်းဆံများ၊ ကိုယ်ပိုင် ထုတ်လုပ်သည်ဟု ယူဆနိုင်သော ယက်ကန်းလွန်းဆံ အစအနများစသည် အမွေအနှစ် အစောင့်အရှောက်ခံ စာရင်းဝင် ပျူ၃မြို့နှင့် ယှဉ်နိုင်လောက်သော တမူထူးခြားသည့် အထောက်အထားများစွာပါ တွေ့ရပါသည်။ တော်၀င်နန်းသုံး ပစ္စည်းအချို့လဲ ပါ၀င်နေတာ သတိထားမိပါတယ် ။
ထိုသို့ကြီးမားခိုင်မာသော သမိုင်းဆိုင်ရာ ရှေးဟောင်းအထောက်အထားများစွာ တွေ့ရှိထားသော်ငြား အခြားပျူမြို့တော်များနှင့် ချိတ်ဆက်လေ့လာမှု အားနည်းနေခြင်းက ဝမ်းနည်းစရာ။ တရားမဝင် တူးဖော်ခြင်းတွေကြောင့် ကုန်ဆုံးပျောက်ကွယ်တော့မည့် သမိုင်းအချက်အလက်များအတွက် စိတ်မချမ်းမြေ့စရာ ဖြစ်လို့နေရင်း…
ဆက်ရန်
သျှင်လေညင်း။
၅၊ ၇၊ ၂၀၁၉၊
ရှုတိုင်းမဝ စကုဒေသ - ၃
မကွေးမြို့ရဲ့ ဧရာဝတီမြစ် တဖက်ကမ်းမှာ မင်းဘူးမြို့ ရှိပါတယ်။ မင်းဘူးကနေပြီး စကုမြို့ကို ဆိုင်ကယ်လေးနဲ့ မနက်စောစောများ ထွက်လာရင် လမ်းဘေးက သစ်ပင်အရိပ်ကလေးတွေနဲ့ အရမ်း သာယာပါတယ်။
အသာအယာ သော့သော့လေး တိုက်ခတ်နေတဲ့ လတ်ဆတ်သန့်ရှင်းတဲ့ လေကို အဆုတ်ကြီး ပြည့်သွားအောင် လောဘတကြီး ရှုရှိုက်ကြည့်ရတာ အရမ်းကြေနူးရတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ စပါးခင်း စိမ်းစိမ်းကြီးတွေက တမျှော်တခေါ်ကြီး လမ်းဘေးတဖက် တချက်မှာ မျက်စိတဆုံး။ သူတို့ရဲ့ ယိမ်းနွဲ့လှုပ်ရှားဟန်တွေက ယိုးဒယားအက ကြည့်ရသလိုပဲ။ အိအိလေးနဲ့ သိမ့်သိမ့်လေး တကယ့်ကို ငြိမ့်ညောင်းလှတဲ့ တေးသွားလေးတွေပါ နားထဲ ကြားလာသလိုလို။ လယ်ကွင်းကြီးတွေရဲ့ အလှတရားဆိုတာ စာရေးသူတို့ နိုင်ငံကြီးရဲ့ အင်အားပင် မဟုတ်ပါလား။
စိုက်ပျိုးရေးမိသားစုမှ မွေးဖွားကြီးပြင်းလာသူတစ်ဦးဖြစ်တဲ့ အားလျော်စွာ လယ်ကွင်းတွေဆို စိမ်းစိုနေမှ၊ ရေစပ်စပ်ထဲ ပျိုးပေါက်လေးတွေ ရှိနေမှ၊ ထွန်ယက်စိုက်ပျိုးနေတာကို တွေ့နေရမှ သို့တည်းမဟုတ် ရွှေဝါရောင်အသွေးနဲ့ အရည်အသွေးမှီမှီ ရင့်မှည့်နေမှ မြင်ရတာ စိတ်ချမ်းသာရပါတယ်။ လယ်ကွက်တွေများ လွတ်နေရင် မြေပဲစိုက်မလို့လား၊ ရိတ်သိမ်းပြီးသွားတာလား စဉ်းစားမိပြီး ခုချိန် ရင်ဆိုင်ကြုံတွေ့နေတဲ့ လယ်သမားရှားပါးနေတဲ့ ပြဿနာများလားလို့ အတွေးခေါင်မိပြန်တော့ ရင်ထဲခြောက်ခြားရပါသည်။
ပြီးတော့ မန်းရေနံမြေဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးကြောင့် ငယ်တုန်းက သင်ခဲ့ရတဲ့ ပထဝီသင်ခန်းစာ အကြောင်းပြန်ပြောင်း၍ အတွေးရောက်မိပြန်သည်။ အလှတရားဆိုတာ သာယာနာပျော်ဖွယ် ကြည့်ပျော်ရှုပျော် ဖြစ်နေမှမဟုတ် တန်ဘိုးတစ်ခုရှိနေရင်လည်း အလှတရား အလှစင်စစ်ပါလားနော်။ မုံရွာရောက်ခဲ့စဉ်က တမင်ကို သွားကြည့်ခဲ့တဲ့ လက်ပတောင်းတောင်ကို အကျည်းတန်လိုက်တာလို့ ခံစားချက်ဖြစ်သည်။ တောင်ကြီးကို ခရုပတ်လို ခွေထားပြီး အရစ်လိုက် ဖြုတ်ထုတ်နေတဲ့ မြင်ကွင်းရယ်၊ စနစ်တကျ တည်ဆောက်ထားတဲ့ စက်ရုံ အဆောက်အဦးတွေရယ်၊ လူသူနည်းပါး ခြောက်ခြားဖွယ် ဖြစ်နေသော အနေအထားရယ်က စိတ်ကို မွန်းကြပ်သထက် မွန်းကြပ်အောင် ကြိုးနဲ့ အထပ်ထပ် တုပ်စီးနေသလိုလို။ စီမံကိန်း သဘာတူညီချက်တွေ ဘယ်လိုပဲ ရှိရှိ ကိုယ့်နယ်ထဲမှာ သူများတိုင်းပြည်ကြီး ရောက်နေသလိုမျိုးကြီး ဖြစ်နေတာကို သဘောမကျ။
ဟော မင်းဘူးက မန်းရေနံချက်စက်ရုံကျတော့ တမျိုး။ ဒီကထွက်တဲ့ ထုတ်ကုန်တွေဟာ မြန်မာပြည်အတွက် မလုံလောက်တာကို သိနေသော်ငြား ခွန်အားရှိလှသည်။ အရွယ်တူကြယ်ဖြူ ဆယ့်လေးလုံးထဲက စပါးနှံနဲ့ စက်သွားရဲ့ အဓိပ္ပါယ်တွေ ထိုနေရာမှာ အပြည့်အဝ တည်ရှိနေတာပါလား။
မင်းဘူးမှာ နေခဲ့တဲ့ ငါးရက်လုံးလုံး ထိုနေရာကို ဖြတ်သွားချိန်တိုင်း ကားနဲ့ဖြစ်ရင်တောင်မှ မှန်တွေချပြီး နေ့တိုင်း တရက်မပျက် ငေးခဲ့ပါတယ်။ ကိုယ်တိုင်မောင်းသွားဖြစ်ရင်တော့ ပြူတင်းက ဖြတ်ဝင်လာတဲ့ လေအေးအေးရဲ့ နမ်းရှိုက်မှုကို ကျေနပ်စွာ ခံစားလျက်။ မင်းဘူး- စကုက လူတွေများ ကံကောင်းလှပါလားဟု တွေးမိပါသည်။
စာရေးသူကို စကုသို့ အရောက်ခေါ်ခဲ့သူဟာ စကုမြို့ခံ သမိုင်းပညာရှင် ဆရာဇော်မျိုးဦးပဲ ဖြစ်ပါတယ်။ ထွန်းဖောင်ဒေးရှင်းက ကမကထပြုပြီး ကျင်းပခဲ့တဲ့ ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲမှာ မန်းချောင်းလွင်ပြင်မှ ပျူများဆိုတဲ့ စာတမ်း ကို ဆရာမှ တင်သွင်း ဖတ်ကြားခဲ့ချိန် ဆရာနှင့် ရင်းနီးပြီးသား ဖြစ်နေပါပြီ။ ပွင့်ပွင့်လင်းလင်းပြော ရရင် ပျူဆိုရင် လှည့်မကြည့်တော့ဘူးလို့ စိတ်ဆုံးဖြတ်ထားချိန်မို့ အလွန်တရာ ကောင်းမွန်သော အထောက်အထားဖြစ်ပါစေ ဗဟုသုတ ဖြစ်ရုံသာ ဖတ်မှတ်လေ့လာခဲ့ပါသည်။
ဒုတိယမ္ပိ အနေနဲ့ မင်းဘူးဒေသခံ သမိုင်းပညာရှင် ဆရာဦးကျော်စိန်ဝင်း၏ သုနာပရန္ဒ ပျူဒေသဟူသော စာအုပ်ငယ်ကို မထက်အေရွန်(ခ) မနန်းသင်းသင်းဝေ ကောင်းမှုနှင့် ဖတ်မှတ်လေ့လာခွင့် ကြုံကြိုက်ချိန်တွင် တမျိုးတဘာသာဖြစ်နေတဲ့ ပျူခေတ်အထောက် အထားများ အထူးသဖြင့် မကာရ်းပျူလက်ကောက်များကို အကြိုက်တွေ့ခဲ့သည်။ ထို့ကြောင့် မြန်မာရှေးဟောင်းသုတေသနအသင်း ဂျာနယ်အတွက် ရည်စူး၍ ပညာရပ် ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့သည်။
စာရေးသူကို တကယ်တမ်း စကုကို အရောက်ခေါ်ခဲ့သူကတော့ မှန်ကင်းကျောင်းက ဂါဝန်ဝတ် ဘိုမရုပ်လေးပဲ ဖြစ်ပါတယ်။ ဆရာရင်းဖြစ်တဲ့ ပါမောက္ခ ဒေါက်တာအေးအေးဦးရဲ့ ဖုန်းထဲမှာ ရှိနေတဲ့ ၎င်းဓာတ်ပုံလေးကို စတင် တွေ့ရှိချိန်ဟာ မဟာဝိဇ္ဇာ ဒုတိယနှစ် စာတမ်းခေါင်းစဉ်အတွက် စဉ်းစားရကြပ်နေချိန်နဲ့ အံကိုက်လို့ နေပါတယ်။ ထို့ကြောင့် ဦးဇော်မျိုးဦးကို မေးမြန်းကြည့်ရင်း စိတ်ပါဝင်စားလာတာမို့ စကုကို တခေါက်တော့ အရောက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ဌာနမှ ဌာနမှုး ပါမောက္ခ ဒေါက်တာစံရွှေထံ ခွင့်တောင်း၍ စကုခရီးစဉ်ကို ရေးဆွဲခဲ့ပါတယ်။
သွားစဉ်က ရှေးဟောင်းသစ်သား ဘုန်းကြီးကျောင်းတွေလုပ်မည်ဟု ရည်စူးပြီး သွားခဲ့သည်။ သို့သော် သုံးထပ်ကျောင်းကို လေ့လာပြီးနောက် ကျောင်းကို တိုင်းရမှာကာ၊ ဖြတ်ပိုင်းပုံ၊ ပန္ဒက်၊ ဘေးတိုက်ပုံ စသည်တို့ကစပြီး ကိုယ်တိုင်လုပ်ရမည်။ တကျောင်းထဲနဲ့လဲ မဟာဝိဇ္ဇာစာတမ်းက မပြည့်စုံ။ ထို့ကြောင့် စာတမ်းပြုစုချိန် တစ်နှစ်ထဲနဲ့ မပြီးပြတ်နိုင်ဖြစ် ရမှာကို ချင့်ချိန်နေချိန် သုံးထပ်ကျောင်းအနီးတွင် အနောက်ဖက်ကို လှည့်၍ တည်ရှိနေသော ဆုတောင်းပြည့် ရုပ်စုံ ဘုရားကို ဝင်ဖြစ်ချိန်မှာ ယိုယွင်းပျက်စီးနေတဲ့ အနေအထားတချို့ကို တွေ့မြင်ပြီး အလုံးစုံ ပျက်ဆီးမသွားခင် မှတ်တမ်းတင်ဖြစ်သွားအောင် ရည်ရွယ်၍ နံရံဆေးရေး ပန်းချီပိုင်းကို ရွေးခြယ်ခဲ့သည်။
နံရံပန်းချီဆိုတာ ရှေးဟောင်းသုတေသန ရှုထောင့်ထက် အနုပညာ/သမိုင်းရှုထောင့်ပိုင်းကို နွယ်ပါသည်။ ရှေးဟောင်းသုတေသန စာတမ်းပီသဖို့ အများကြီး ဂရုစိုက် အားထုတ်ရမည်။
ပုဂံက ဆေးရေးပန်းချီတွေလဲ မြင်ဖူးနေတာပဲ။ ဘယ်လိုပဲ ကြည့်ကြည့် ကိုယ်နဲ့ သက်ဆိုင် တယ်လို့ကို မခံစားရပါ။ အမည်ကျော် ပုဂံအတွက် လုပ်အားဒါန ပြုလိုသူတွေ မနည်းမနောပဲ။ ရည်ညွှန်း ကိုးကား ပေါများမယ်မှန်းလဲ သိပါရဲ့နဲ့ ပုဂံကဆေးရေးတွေကို ခပ်စိမ်းစိမ်းပဲ ကြည့်ခဲ့သမျှ ဆုတောင်းပြည့် ရုပ်စုံရဲ့ နံရံဆေးရေးရဲ့ စွဲဆောင်မှုကိုတော့ ရှောင်လွှဲလို့ မရနိုင်တော့ပါ။
သူ့ဆီမသွားခင် ပထမတိုက် ရုပ်စုံဘုရားက ကိုလိုနီခေတ် ဆေးရေးတွေ ရှိတဲ့ ဘုရားကို ဦးစွာ ဝင်ကြည့်ပါသေးတယ်။ ဒါပေမယ့် စိတ်မပါပါဘူး။ သူ့ထက်အရွယ်အစား ပိုသေးပြီး သူ့လို ပရဝဏ်နဲ့ ဘာနဲ့မဟုတ် လူသွားလမ်းဘေး ကပ်ပြီးတည်ရှိနေတဲ့ ဘုရားကိုမှ စိတ်ဝင်စားခဲ့ ပါတယ်။ ပဓာန အလှူရှင်နဲ့ စာရေးသူရဲ့ ပဌာန်းဆက်နေမှာပေါ့လေ။
ဒီတော့ တစ်ဆူတည်းမပြီးနိုင်တော့ ခေတ်ကာလတူ သို့မဟုတ် ခေတ်လက်ရာတူ သို့မဟုတ် ဆေးရေးအစီအစဉ်တူတဲ့ အခြားဘုရားများ ရှိဦးမလားဆိုပြီး ဦးဇော်မျိုးဦးထံ စုံစမ်းကြည့်တော့ ကျွဲတဲဘုရားနှင့် ရှစ်ထောင့်ဘုရားများ နှိုင်းယှဉ်လေ့လာဖို့ ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း သိရှိရတဲ့နောက်မှာ နံရံဆေးရေး ပန်းချီ လေ့လာခန်း အတည်ဖြစ်သွားခဲ့ပါတယ်။ နောင်များအခွင့်အရေးရခဲ့လျှင် အသားကျောင်း တွေကို ဆက် လုပ်ကြည့်ချင်ပါသေးတယ်။
ဆက်ရန်
သျှင်လေညင်း။
ဓာတ်ပုံကို ဆရာကိုသန်းဇော်ထံမှ ရရှိပါသည်။
၆၊ ၇၊ ၂၀၁၉။
ရှုတိုင်းမဝ စကုဒေသ - ၄
စကုမြို့ကို ချစ်လို့လားလို့ မေးလာရင် ဘယ်လိုဖြေရမည်မသိပါ။ စကုက ပြန်လာပြီးတဲ့ နောက်ပိုင်းကာလများတွင် စာရေးသူရဲ့ ပဓာနတာဝန်ဖြစ်တဲ့ မဟာဝိဇ္ဇာစာတမ်း ပြုစုနေရတာကြောင့် စကုရဲ့ မြင်ကွင်းအစုံစုံက မျက်လုံးထဲကကို မထွက်နိုင်ဘူး ဖြစ်နေပါသည်။ မြို့သေးသေးလေးမှာ ငါးရက်တောင် နေခဲ့တာဆိုတော့ နေရာစုံအောင် ရောက်ဖြစ်သည်ပဲ ပြောရမည်။ လယ်ကိုင်းရုပ်စုံကျောင်းနဲ့ ကျောင်းတော်ရာ ဘုရားပါ အဆစ်ရောက်ခဲ့သေးသည်ပဲ။ မြိုင်ထိအောင် တက်ချင်ပေမဲ့ မိုင်တစ်ရာကျော်ဝေးတာက အသွားအပြန် မိုင်၂၀၀ကျော်ဆိုတော့ ခရီးလဲပမ်း ငွေလဲပမ်း လူကိုယ်တိုင်လဲ ပမ်းပါပြီ။ မင်းဘူး- စကုမြို့နယ် အနီးတဝိုက်က ပျူကုန်းတွေမကျန် မြွေမကြောက် ကင်းမကြောက် မွှေနှောက်ခဲ့ရတာမို့လည်း အားရကျေနပ်ပါတယ်။ ထို့ပြင် အလွတ်သဘော စာတမ်းငယ်များကိုလည်း ကဏ္ဍအလိုက် ရေးသားနေသေးရာ စကုကို မျက်ခြေပြတ်မသွားခဲ့ပါ။ တစုံတရာသော အကြောင်းတရားက စကုနဲ့ စာရေးသူအကြားကို မြဲမြဲမြံမြံချည်နှောင်ထားတာတော့ အမှန်ပင်။
ခုလိုအဖြစ်မျိုးက အရမ်းကို ရိုးရှင်းပါတယ်။ စကုမြို့ကိုရောက်တယ် စကုမြို့ရဲ့ ရှေးဟောင်းအမွေအနှစ်များနဲ့ ပတ်သက်ရတယ် စကုမြို့က ရှေးဟောင်း အမွေနှစ်တွေ တာရှည်ခံ တည်မြဲဖို့လိုတယ်ဆိုတဲ့ လိုအပ်ချက်ကို သိလာရတယ် ဒီတော့ စာရေးသူမှာ စကုမြို့က ရှေးဟောင်းအမွေအနှစ် ပစ္စည်းများအပေါ် တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ တာဝန်ယူရန်ရှိလာသော အရာများအတွက် စာရေးသူဘက်က တာဝန်လည်း သိဖို့ လိုအပ်တယ် မဟုတ်လား။ တာဝန်ရှိကြောင်းကို သိမှ တာဝန်ကျေအောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါလား။
စာရေးသူရဲ့ တာဝန်က ဘာဖြစ်မလဲ။ ဒီအချိန်မှာ စကုမြို့အတွက် အတတ်နိုင်ဆုံး စွမ်းဆောင်မှုဟာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် ရည်ညွှန်းကိုးကား အခန်းထဲကို စကုနှင့် ပတ်သက်သော ပညာရပ်ဆိုင်ရာ စတမ်းတစ်စောင် တင်သွင်းပေးခြင်း၊ စကုမြို့မှ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအပေါ် အခြေခံ၍ ပညာရပ်ဆိုင်ရာ စာတမ်းငယ်များ နိုင်ငံတကာ အဆင့်သို့တိုင် တင်သွင်းဖတ်ကြားခြင်း၊ ဆောင်းပါးများ ရေးသား၍ ပညာပေးခြင်း၊ အကြောင်းတိုက်ဆိုင် ခဲ့လျှင် စကုမြို့ ဒေသခံများနှင့် တွေ့ဆုံကာ ပညာပေး ဆွေးနွေးဟောပြောခြင်း၊ အမွေအနှစ်ကို တိုက်ရိုက်စီမံခန့်ခွဲနေသူများ (ဥပမာ- ဘုရားဂေါပကနှင့် ကျောင်းထိုင်ဘုန်းကြီး) နှင့်တွေ့ဆုံ စည်းရုံး ပညာပေးခြင်း စသည်ဖြင့် သာ စည်းထဲဘောင်ထဲက ဆောင်ရွက်နိုင်ပါသည်။
အပျက်အဆီးကိုပဲ ပြောနေတယ် ပြုပြင်ဖို့ မလုပ်ဘူးလားဆိုရင် ပညာရှင်တစ်ဦးရဲ့ ကျင့်ဝတ်အရ ရှေးဟောင်းသုတေသန ဌာနမှ တရားဝင် စာရင်းကောက်ယူပြီး ထိန်းသိမ်း ဖို့ လျာထားသော မှတ်တမ်းဝင် အဆောက်အဦးများကို မိမိသဘောနှင့် ငွေကောက်ခံ ပြုပြင်ရန် အခွင့်အာဏာမရှိပါ။ ဒီထက်ပိုပြီး ပျက်ဆီးမှုမရှိအောင် ဒေသခံတွေက ဖျက်လိုဖျက်ဆီးစိတ် ပေါ်မလာအောင် မိမိကိုယ်ကို စံပြထား၍ မြန်မာ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးကို တွင်တွင်လုပ်ရမှာ ပဲဖြစ်ပါတယ်။ ထိုမှသာ မိမိကို စံနမူနာယူ၍ ဒေသခံတွေရဲ့ ရင်ထဲအသည်းထဲကပါ ၎င်းတို့ဒေသရှိ ရှေးဟောင်းအမွေအနှစ်များရဲ့ တန်ဖိုးကို သိရှိသဘောပေါက် နားလည်၍ လိုက်နာကျင့်သုံးကြပါက စာရေးသူရဲ့ ရည်မှန်းချက်ပြည့်ပြီ။ တာဝန်ကျေပါပြီ။
စကုမြို့မှာ ဤကဲ့သို့သော ရှေးဟောင်းအမွေအနှစ်တွေ ရှိနေပါတယ် ပျက်ဆီးနေတဲ့ အနေအထားရောက်နေပါပြီ တရားမဝင် တူးဖော်မှုတွေကတဆင့် တန်ဖိုးရှိတဲ့ အထောက်အထားတွေ ပျောက်ဆုံးလို့နေပါတယ် ဆိုကြောင်းကို တာဝန်ရှိသူတွေ သိဖို့က အန္တိမ ရည်မှန်းချက်ပါ။ တာဝန်ရှိသူတွေ နားသို့ ပေါက်ကြားသွားခဲ့ပြီဆိုရင် တာဝန်သိတာ တာဝန်ယူတာ တာဝန်ကျေအောင် ဆောင်ရွက်မှုတွေက ၎င်းတို့၏ ကဏ္ဍပဲ ဖြစ်သွားပါပြီ။
အခန်း(၃) ခန်း တင်ပြရမည့် မဟာဝိဇ္ဇာစာတမ်းကို အခန်း(၂) ခုပြီးအောင် ရေးသားထားပြီးပြီမို့ စကုမြို့ နဲ့ စာရေးသူတို့ကတော့ တသားတည်းကို ဖြစ်နေပါပြီ။ ထို့ပြင် ပြီးခဲ့တဲ့ ဧပြီလ အမေရိကန်နိုင်ငံ ဝယ်ကိုဆင်ပြည်နယ် မန်ဒီဆင်မြို့ မန်ဒီဆင် တက္ကသိုလ်တွင် တင်သွင်းဖတ်ကြားခွင့် ရခဲ့သော်လည်း ဗီဇာအချိန်မီ မရခဲ့တာကြောင့် ကိုယ်စားသာ ဖတ်ကြားခဲ့ရသည်က တကြိမ်၊ ဇွန်လက ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် တစ်ကြိမ် တင်သွင်း ဖတ်ကြားခဲ့သော ပေါင်းကူးယဉ်ကျေးမှုအား ဇောင်းပေးရေးသားထားသည့် စာတမ်းတစ်စောင်အပြင် ဆရာကြီး ဦးကျော်စိန်ဝင်းနှင့် ဆရာဦးဇော်မျိုးဦးတို့၏ စာတမ်းရေးသားမှုတွင်လည်း ခေါင်းစဉ်ကစပြီး အကျဉ်းချုပ်ရေးသား ပေးပို့ရာတွင်လည်းကောင်း စာတမ်းရေးသားရာတွင်လည်းကောင်း ပါဝါပွိုင့် ပရီစန်တေးရှင်း ပြင်ဆင်ရာတွင်လည်းကောင်း၊ ကွန်ဖရန့်တွင် ပြောဆိုမည့် အချက်အလက်များ ပြင်ဆင်ရာတွင်လည်းကောင်း ပူးပေါင်း ပါဝင်ခဲ့တာကြောင့် စကုဒေသရှိ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများ၏ သမိုင်းဝင် တန်ဖိုးကို ပို၍ပို၍ သဘောပေါက် နားလည်လာခြင်းနှင့် အတူ ယခင်က လှည့်မကြည့်ချင်ခဲ့သော ပျူအမွေအနှစ်ပစ္စည်းများ၏ ဆွဲဆောင်မှုကိုတော့ မခုခံနိုင်တော့ပါဘူး။
ထို့ကြောင့် ပျူပုတီးစေ့များကို စတင်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပြီး ပျူပုတီးစေ့လေးများရဲ့ Typology အလိုက် ခေတ်ကို ခွဲခြားနိုင်မလား အကယ်၍ အကောင်အထည်ပေါ်ခဲ့လျှင် Pyu Beads Chart/ Timeline လေးလုပ်ကြည့်ချင်ပါသည်။ မင်းဘူးက ပျူအရိုးအိုးကြီးရဲ့ အခြယ်အလှယ်ကို ဗိဿနိုးနဲ့ နှိုင်းယှဉ်သုံးသပ်က ဦးကျော်စိန်ဝင်းနှင့် ဦးဇော်မျိုးဦးတို့ ပူးပေါင်းရေးသားခဲ့သော ဧရာဝတီမြစ် အနောက်ဘက်ကမ်းက အမေ့အလျော့ခံ ပျူများ စာတမ်း၏ အဓိက အဆိုပြုချက်ဖြစ်သည့် ဗိဿနိုးပျက်၍ အဆိုပါနေရာမှ ပျူများ ဧရာဝတီမြစ်ကို ဖြတ်ကူး၍ မင်းဘူး- စကုဒေသတွင် ရှိနှင့်နေပြီးသော လူများနှင့် ပေါင်းစည်းသွား၍ ဆက်လက်ရှင်သန်လျက်ရှိသည်ဟူသော အချက်ကို ဦးဇော်မျိုးဦးနှင့် ပူးပေါင်း၍ ချဲ့ကားလေ့လာ ဖော်ထုတ်ပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းက ပျူယဉ်ကျေးမှုကို ပိုမိုခိုင်မာအောင် ပံ့ပိုးချင်ပါသည်။
ထို့အတူ ပင်လယ်ရေ လူတိုင်းခပ်လို့ မကုန်နိုင်ဟု စိတ်ထဲ ခံယူထားလျက် စကုဒေသသို့ နိုင်ငံတကာ/ နိုင်ငံတွင်းမှ ပညာရှင်၊ ဝါသနာရှင်များ လာရောက်ကြဖို့လည်း အထူးမျှော်လင့်မိသည်။ သမိုင်းမတင်မီခေတ်၊ သံခေတ်၊ ကြေးခေတ်၊ ပျူခေတ်၊ အနုပညာ၊ ဗိသုကာ၊ ရေသွင်းရေထုတ်စနစ်၊ ဆည်ရေသောက် လယ်ယာထွန်ယက်စိုက်ပျိုးရေးစနစ်၊ ဘူမိဗေဒ၊ မနုဿဗေဒ၊ မြေပုံတိုင်းတာရေး၊ သဘာဝမြေမျက်နှာသွင်ပြင် ဖော်ထုတ်ရေး စသည်စသည် ဘက်ပေါင်းစုံမှ ပူးပေါင်းအားဖြည့်လိုသည့် ပညာရှင်များစွာ လာရောက်ပူးပေါင်းဖို့ များစွာ မျှော်လင့်လျှက်။
ဆက်ရန်
ဓာတ်ပုံကို ဆရာကိုသန်းဇော်ထံမှ ရရှိပါသည်။
သျှင်လေညင်း။
၇၊ ၇၊ ၂၀၁၉။
ကျမတို့ ပုဂံ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ဝင်ရောက်ခဲ့သော နေ့၏ နောက်တနေ့တွင် ရေးသည်။
ရှုတိုင်းမဝ စကုဒေသ- ၅
စကုမှာ စာရေးသူ စိတ်ဝင်စားတာက သူကောင်းမျိုးရယ် ထိုင်းအဆက်အနွယ်ရယ်ပဲ ဖြစ်ပါတယ်။
ကနဦး စူးစမ်းကွင်းဆင်းချိန်မတိုင်မီတုန်းကတော့ သူကောင်းမျိုးရဲ့ ဝိသေသ လက္ခဏာများကို တင်ကြိုလေ့လာထားပြီး အထောက်အထား မှတ်တမ်းခိုင်ခိုင်မာမာ ရရှိတာကြောင့် အထက်မှာ စကုမြို့ နှင့် သက်ဆိုင်ရာ အခန်းကဏ္ဍကို တင်ပြပြီး ဖြစ်ပါတယ်။
ယိုးဒယားအဆက်အနွယ်နဲ့ ပက်သတ်ပြီး စတင် စိတ်ဝင်စားလာတာကတော့ ဆုတောင်းပြည့် ရုပ်စုံဘုရားမှ ထိုင်းအနုပညာဆန်တဲ့ ရုပ်ပုံတွေ ရှိကြောင်း ဦးဇော်မျိုးဦးက ရှင်းပြချိန်မှာပါ။
ဘာလို့ ထိုင်းယဉ်ကျေးမှု ပြယုဒ်တွေက မြန်မာယဉ်ကျေးမှု ပြယုတ်တွေ ကြားရှိနေရတာလဲ။ ဖိုဝင်တောင်က ညောင်ရမ်းခေတ် နံရံဆေးပန်းချီတွေလို တကွက်လုံး တပြင်လုံး ထိုင်းအနုပညာ ပြယုတ်တွေချည်း ဖြစ်မနေရတာလဲ။
ထိုင်းအနုပညာရှင်ကမှ သီးသန့်ရေးဆွဲလျှင် ဖိုဝင်တောင်အတိုင်း သေချာပေါက် ထိုင်းပန်းချီဆရာ လက်ချက်လို့ ပြောနိုင်သည်။ ထိုသို့ မဟုတ်တာကြောင့် ဘယ်လိုထူးခြားမှုရှိတာလဲ။
ကုန်းဘောင်ခေတ်နှောင်း မြန်မာ့အနုပညာအပေါ် အပြည့်အဝ လွှမ်းမိုးမှု ပေးနိုင်ခြင်းမျိုး စကုက ထိုင်းပန်းချီဆရာတွေမှာ ရှိဟန်မတူပါ။ သို့တည်းမဟုတ် ထိုင်းအနုပညာရှင်တွေ ချည်း အနုပညာ ဖန်တီးခွင့်မရတာလည်း ဖြစ်နိုင်သည်။ ဦးဆောင်သူက မြန်မာ ပန်းချီပညာရှင် ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဒါမှမဟုတ် စကုမှာ အနေကြာပြီမို့ မြန်မာ့အနုပညာ လက်ရာများနှင့် ယဉ်ပါးသွားခဲ့သည်လား။ သေချာတာကတော့ ဆွဲခွင့်ရသော ပန်းချီရုပ်ပုံတွေ ကြားထဲတွင် ထိုင်းလက်ရာမှန်း ချက်ချင်းသိသာစေသော ပုံလေးတွေကို မသိမသာလေး ရေးထည့်ထားသည်။
အယုဒ္ဓယခေတ် ထိုင်းတို့ရေးဆွဲလေ့ရှိသော ဗုဒ္ဓ၏ ကိုယ်ဟန်အနေအထား ပုံစံတူကို စကုက နံရံဆေးရေး ပန်းချီထဲတွင် ပေါပေါများများ တွေ့ရသည်။
ဖိုဝင်တောင်မှာလည်း ထိုနည်းအတိုင်းပဲ ဆွဲထားပြန်သည်။ စကုမြို့တွင်းမှာပင် ၁၈ရာစုဦးဘုရားနှစ်ဆူနှင့် ၁၉ရာစုဦး ဘုရားတစ်ဆူ၊ မင်းဘူးမြို့ မမင်းဘူးဘုရားအနီးရှိ ဝတ်ကြီးဂူဘုရားတွင်(၁၈ရာစု)လည်း ခွေတော်မူ၊ ရပ်တော်မူ ထိုင်းပုံစံ ဗုဒ္ဓရုပ်ပုံများကို ရှာဖွေတွေ့ရှိခဲ့သည်။
ဆုတောင်းပြည့် ရုပ်စုံဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ၏ နောက်ဘက်တွင် အယုဒ္ဓယခေတ် ထိုင်းစေတီလေးနှစ်ဆူရှိနေသည်။ ထိုစေတီလေးတွေကို ထိုင်းဘက်အထောက်အထားတွင် ရှာတွေ့ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံ, ဗန်ကောက်မြို့တွင်ကျင်းပသော SEAMEO SPAFA ကွန်ဖရန့်အပြီး ဆက်သွားကြသော ရှေးဟောင်းသုတေသန လေ့လာရေး ခရီးစဉ်တွင် အဆိုပါ စေတီပုံစံလေးအတိုင်း ဒေါက်တာမောင်မောင်လွင်မှ ရှာတွေ့ခဲ့ပါသည်။
ထိုစေတီလေး၏ နံဘေးက တံခွန်တိုင်လေးတွေကလည်း မြန်မာ့ တံခွန်တိုင်တွေ မဟုတ်ပြန်။ မြန်မာတံခွန်တိုင်တွေက တိုင်တုတ်တုတ် ခပ်တိုတိုတွင် ထိပ်ပိုင်းမှာ ဒဏ္ဍာရီလာ ဇာတ်ကောင်များထားတတ်သည်။ ယခုတံခွန်တိုင်က အောက်ခြေတွင် အုတ်မြစ်ပြု၍ သေးပြီးရှည်တဲ့ တိုင်၏ ငါးပုံတပုံလောက်တွင် ဒဏ္ဍာရီလာ ဇာတ်ကောင်ကို ထားကာ အလံများတလူလူလွှင့်တင်ထားသည်။ မြန်မာ့ယဉ်ကျေးမှု တံခွန်တိုင် မဟုတ်မှန်း ချက်ချင်းသိသာစေ၍ အထောက်အထား လိုက်လံရှာဖွေကြည့်ရာ ထိုင်းယဉ်ကျေးမှုဖြစ်ကြောင်း ချက်ချင်းတွေ့သည်။
ထိုထဲတွင်မှ ပိုပြီးထူးခြားမှု ရှိနေတာက ဆုတောင်းပြည့်ဘုရား၏ အနောက်ဘက် နံရံပေါ်က သိဒ္ဓတ္တ မင်းသားတောထွက်ခန်းတွင် မင်းသားကို တားနေသော မာန်နတ်သည် ထိုင်း သရဖူကို ဆင်မြန်းထားတာပဲ ဖြစ်ပါသည်။ ထိုပြကွက်က တွေးစရာတွေ အများကြီးရှိလာပါသည်။ ကာရိုက်တာ အကောင်းနဲ့ ကာရိုက်တာ အဆိုးကို သရုပ်ဖော်ရာတွင် မာန်နတ်ကို ထိုင်းသရဖူ ဆောင်းပေးသူရဲ့ အတွေးကို စိတ်ကြိုက်စီးမျောခွင့် ရခဲ့မယ်ဆိုလျှင် ရူးတယ်လို့ ပြောခံရနိုင်ပါသည်။
ပုဂံက မနူဟာဘုရားကြီးသည် ရာဇဝင်များ၏ အလိုအရ အနော်ရထာနောက်သို့ ပါတော်မူခဲ့သော မွန်ဘုရင်၏ စိတ်ကျဉ်းကြပ်မှုကို ဖော်ပြထားတာဟု ဇာတ်သမိုင်းဆရာတွေကဆိုလျှင် စကုက ထိုင်း ပန်းချီဆရာလေးကရော သူ့ဌာနေကို လွမ်းဆွတ်နေခြင်းအား တတ်အားသရွေ့ ဖော်ပြထားတာမျိုး ဖြစ်နိုင်မလား။ များများတွေးလေ များများအရူးဖြစ်မည်ဆိုတော့ ဒေါက်တာသန်းထွန်းရဲ့ မြန်မာတို့၏ တော်ဝင်အမိန့်တော်များ စာအုပ်ထဲ တွင် ဖော်ပြထားသည့် ယွန်းကောင်းဟန်တို့အား စကုတွင် နေရာချထားခဲ့သည် ဆိုသော ဖော်ပြချက်ကို ထောက်ခံလောက်သည့် အထောက်အထားများစွာအား မင်းဘူး- စကုဒေသများတွင် ၁၉ရာစု အစောပိုင်းအထိ တွေ့နိုင်သည်ဟုသာ ကောက်ချက်ချခဲ့့ပါသည်။
စကုမြို့တွင် ထိုင်းအနုပညာများကို နံရံပန်းချီထဲတွင်သာ တွေ့ရသည်မဟုတ်ပဲ စေတီအချို့သည်လည်း မြန်မာစေတီများနဲ့ ကွာခြားတာ မြင်ရုံနှင့် သိနိုင်ပါသည်။
တောင်ကြီးမြို့အနီးက မွေတော်က္ကူဘုရားများလို၊ အင်းလေးဒေသ အင်းတိမ်ဘုရားများကဲ့သို့ ဖောင်းရစ် ဆင်တူမှုရှိသည်ကို လေ့လာ တွေ့ရှိရပါသည်။
ခိုနန်းချိုးပါဝင်သည့် ပစ္စယာအဆင့်ဆင့်များခံ၍ ခေါင်းလောင်းပုံစေတီပြုထားရာ ငှက်ပျောဖူးအောက်တွင် မြန်မာစေတီအများစုကဲ့သို့ ခေါင်းလောင်းချိုးနှင့် အကိုက် ခပ်ပြေပြတက်သွားခြင်း မဟုတ်ပဲ ရုတ်တရက် သေး၍ အရစ်ရစ်များတက်ကာ ငှက်ပျောဖူးကို သိပ်ပြီးနေရာပေးလေ့ မရှိတဲ့ ကွာခြားခြင်းရှိသည်။
တဖန် စေတီအသေးလေးကို ထပ်ထပ်ငုံထားသယောင်ယောင် ပွားထားသယောင်ယောင် ရုတ်တရက်ကြည့်လျှင် စေတီလေးတွေ ပူးနေသလိုလို သရီးဒီသဖွယ် ဖြစ်နေတဲ့ ရှစ်ထောင့်ရှိ ပုံသဏ္ဍာန်ဆန်းပြားတဲ့ စေတီလေး တစ်ဆူလည်း ရှိပါသည်။ စကုတွင် နေရာချထားခြင်း ခံရတဲ့ ယွန်းကောင်းဟန်ဆိုတာ ထိုင်းမြောက်ပိုင်းမှ လူမျိုးစုများကို မြန်မာတို့က ယွန်းဟုခေါ်ကြသည်။ ထိုင်း တောင်ပိုင်းသားတို့ကို ယိုးဒယ၊ ဂုံးဆိုတာ ရှမ်းပြည်ရဲ့ အိမ်နီးချင်းက လူတွေကို ရည်ညွှန်းကာ လင်ဇင်းဆိုတာကို ဗီယက်နမ်နဲ့ လာအိုတို့ကို ရည်ညွှန်းကြောင်း ဒေါက်တာသန်းထွန်းက ရှင်းပြထားပါသည်။
ထို့ကြောင့် ၁၆၃၇ခုနှစ် အောက်တိုဘာလ ၇ရက်နေ့တွင် စကုတွင်နေရာချထားခဲ့ သော ယွန်းတို့၏ ခြေရာလက်ရာများကို ၁၉ရာစုတိုင် ဆက်လက်တွေ့နေရပြီး ထိုင်းမြောက်ပိုင်း ယဉ်ကျေးမှု လန်န အနုပညာနှင့် များစွာ နှိုင်းယှဉ်လေ့လာနိုင်ဖွယ်ရှိပြီး ဆက်လက် သုတေသနပြု ဖော်ထုတ်ရန် လိုအပ်ပါသည်။
သျှင်လေညင်း။
၈၊ ၇၊ ၂၀၁၉။
ရှုတိုင်းမဝ စကုဒေသ - (၆)
ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ အမေ့လျော့ခံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် သက်သေများ အကြောင်းကို ဆက်ရေးပါ့မယ်။
စကုမြို့အနီးတဝိုက်ဒေသတဝိုက်မှတွေ့ရသော ကျောက်လက်နက်များကို အခြေခံ၍ ကျောက်ခေတ်ကာလတွင် အဆိုပါဒေသတွင် နေထိုင်သော လူတို့၏ နေထိုင်မှု အဆင့်အတန်းကို တက်အားသရွေ့ ဖော်ထုတ်ကြည့်ချင်ပါသည်။
မင်းဘူး- စကုဒေသသည် ကျောက်လက်နက်များ၏ ခေတ်ကာလကို ခွဲခြားသတ်မှတ်နိုင်သော ဧရာဝတီမြစ်ပြုဆင့် (၂)နှင့် (၃)တွင် တည်ရှိကြောင်း ဆရာမောင်သာ (ရှေးဟောင်းသုတေသန)၏ အညာသားယဉ်ကျေးမှု ဆောင်းပါးတွင် ဖော်ပြထားပါသည်။
ကျောက်လက်နက်များကို ခေတ်ခွဲခြား သတ်မှတ်နိုင်ဖို့ မြစ်ပြုဆင့်၏ အရေးပါပုံအကြောင်းအား အထက်ပါ ဆောင်းပါးတွင် ဖော်ပြထားသည့် အတိုင်း ဗဟုသုတဖြစ်စေရန် ကူးယူဖော်ပြလိုက်ပါသည်။
မြစ်ပြုဆင့် (၁) သည် ချောက်မြို့ အနီး၊လက်ရှိဧရာ၀တီမြစ်ရေမှတ်၏ အထက် ပေ တစ်ရာမှ နှစ်ရာအကြား တွင် တည်ရှိသည်။ယင်းနေရာမှ ရှေးဦး အညာသားယဉ်ကျေးမှု ကျောက်ခေတ်လက်နက်(၂၃)ခုကို တွေ့ရှိခဲ့ရ သည်။ အထူး သဖြင့် ခြင်နောင်မ တောင်တန်းနှင့် စလေမြို့ အရှေ့ဘက်တို့တွင်တွေ့ရှိခဲ့သည်။ ယင်းကျောက်လက်နက် (၂၃)ခုသည် ဧရာ၀တီမြစ်ဝှမ်းတွင်တွေ့ရှိ ရသော ကျောက်လက်နက်များတွင် သက်တမ်းအရင့်ဆုံးဖြစ်သည်။
မြစ်ပြုဆင့် (၂) သည်လက်ရှိဧရာ၀တီမြစ်ရေမှတ်၏ပေ ၉၀ မှ ပေ ၁၄၀ အကြားတွင်လည်းကောင်း၊ မြစ်ပြုဆင့် (၃) သည် ပေ ၉၀ မှ ပေ ၁၀၀ အကြားတွင်လည်းကောင်း တည်ရှိနေကြပြီး ညောင်ဦးမြို့ အနီး၀န်းကျင် ဧရိယာများတွင် ရှိနေသော မြစ်ပြုဆင့်(၃)၏ အောက်ပိုင်းမှ ကျောက် လက်နက် (၁၀၀) နီးပါးခန့်ကို သံဓာတ် ကြွယ်ဝသော ကျောက် အကာသား များနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်။
မြစ်ပြုဆင့် (၂) နှင့် မြစ်ပြုဆင့်(၃) ရှိကျောက်စရစ်လွှာများမှ ကျောက်လက်နက်အများဆုံးတွေ့ရှိခဲ့ရာ စုစုပေါင်း (၄၀၀) ခန့်ဖြစ်ပေသည်။ မကွေး၊ မင်းဘူး ၊ ရေနံချောင်း၊ ချောက်၊ ပုဂံနှင့် ပခုက္ကူဒေသများဖြစ်သည်။
မြစ်ပြုဆင့် (၄) သည် လက်ရှိဧရာ၀တီမြစ်ရေမှတ်၏ ၅၅ ပေမှ ၆၅ ပေ အကြားတွင်တည်ရှိသည်။ အဆိုပါ မြစ်ပြုဆင့်မှ ကျောက်ခေတ်ဟောင်း နောက်ဆုံးကာလ အသုံးအဆောင်များကိုရရှိခဲ့သည်။
မြစ်ပြုဆင့် (၅) သည် လက်ရှိဧရာ၀တီမြစ်ရေမှတ်၏ အထက် ပေ ၄၀ အထက်တွင်ရှိခဲ့ပြီး ကျောက်ခေတ်သစ် လက်နက်များကိုတွေ့ရှိခဲ့ပေသည်။ မြစ်ပြုဆင့်(၅)၏ နုံးနှင့် သဲတို့ ဖွဲ့စည်းမှုသည် စဉ့်ကူးနှင့် မကွေးတို့မှ နုံးသဲများနှင့် တူညီနေကြောင်းလည်း တွေ့ရှိရပေသည်။
တဖန် Dr. H.L. Mouviusက အညာသားယဉ်ကျေးမှုကို အစောပိုင်း အညာသားယဉ်ကျေးမှု၊ နှောင်းပိုင်း အညာသားယဉ်ကျေးမှုနှင့် အညာသားယဉ်ကျေးမှု အလွန်ဟု အပိုင်း(၃)ပိုင်း စိတ်ပိုင်းပြီးနောက်၊ အစောပိုင်း အညာသားယဉ်ကျေးမှုကို အပိုင်း(၃)ပိုင်း၊ နှောင်းပိုင်း အညာသားယဉ်ကျေးမှုကို အပိုင်း(၂)ပိုင်းနှင့် အညာသားယဉ်ကျေးမှု အလွန်ကို ကျောက်ချောခေတ်ဟု ပို၍ တိကျအောင် ကဏ္ဍများခွဲခြား သတ်မှတ်ခဲ့ပြန်သည်။
ထို့ကြောင့် အစောပိုင်း အညာသားယဉ်ကျေးမှု အဆင့် ၁၊၂ နှင့် ၃တို့သည် ဧရာဝတီမြစ်ပြုဆင့် ၁၊ ၂ နှင့် ၃တို့နှင့် သက်ဆိုင်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၇၅၀၀၀၀ - ၂၇၅၀၀၀တွင်းက မတ်ရပ်လူသား ( Homo- Erectus) တို့ နေထိုင်မှု သက်သေဖြစ်သည်။ နှောင်းပိုင်း အညာသား ယှဉ်ကျေးမှု အဆင့်၁သည် ဧရာဝတီမြစ်ပြုဆင့် ၄မှထွက်ရှိသော ကျောက်လက်နက်များကို ကိုယ်စားပြုပြီး ပြီးခဲ့တဲ့နှစ်ပေါင်း ၂၇၅၀၀၀၀-၂၅၀၀၀၀အတွင်းက လှုပ်ရှားသွားလာခဲ့သော မတ်ရပ်လူသားကို ကိုယ်စားပြုနိုင်ပါသည်။
ဒါပေမယ့် အဲဒီမြစ်ပြုဆင့် ၄ အထူးသဖြင့် မကွေး၊ ရေနံချောင်းနှင့် ချောက်ဒေသများမှာ နှောင်းပိုင်း အညာသားယဉ်ကျေးမှုနှင့်အတူ အစောပိုင်း အညာသားယဉ်ကျေးမှုကိုလည်း တွဲလျက် တွေ့ရကြောင်း ဖော်ပြထားသည်။
နှောင်းပိုင်းအညာသားယဉ်ကျေးမှု အဆင့်(၂)ဆိုတာကတော့ ကျောက်ကြမ်းခတ်ရဲ့ နိဂုံးသတ် ကာလဖြစ်ပြီး နောက်တဆင့် ဖွံ့ဖြိုးမှုကို အားယူနေတဲ့ အချိန်လို့ သတ်မှတ်နိုင်ပီး မြစ်ပြုဆင့် (၄)က ရှာဖွေတွေ့ရှိမှုများကို ကိုယ်စားပြုပါတယ်။
နောက်စေ့နိမ့် ခေါင်းကြီးကြီး၊ ပုပု၊ မေးရိုးရှည်ရှည်နဲ့ မေးစိတိုတို (Homo- Sapiens Archaic) တွေရဲ့ အသုံးအဆောင်များကို ပေါပေါများများ တွေ့ရပါတယ်။
နှောင်းပိုင်းအညာသား ယဉ်ကျေးမှု အဆင့်၂နှင့် အညာသားယဉ်ကျေးမှု အလွန်ကာလကိုတော့ မြစ်ပြုဆင့် ၅ရဲ့ နှုန်းသဲရောနေတဲ့ မြေလွှာများထဲတွင် ပေါများစွာ တွေ့ရပြီး အဆိုပါနှုန်းသောရောနှောပါဝင်မှုမျိုးကို မကွေးတဝိုက်က ဧရာဝတီမြစ်ကမ်းများတွင် တွေ့ရပါသည်။
ဒူးမကွေးပဲ ဖြောင့်ဖြောင့် လမ်းလျှောက်နိုင်သော နီယန်ဒါသယ်၊ ထိုမှတဆင့် ခေတ်လူသား ( Homo- Sapiens Sapiens) တို့ရဲ့ ဦးခွံလုံးလုံး၊ နှဖူးကျယ်ကျယ်၊ မျက်နှာခပ်ပြားပြားနှင့် ကျစ်လစ်ပါးလျသော အဆင့်သို့ရောက်လာခဲ့ပြီ။
မြန်မာနိုင်ငံရဲ့ ပရိုင်းမိတ်နဲ့ ကျောက်ခေတ်သမိုင်းအါး ဆက်စပ် ပတ်သတ်မှုအရ ခနသွားကြည့်ရရင် ဒေါက်တာသန်းထွန်းရဲ့ လူကျော်စာအုပ်ထဲက ဖော်ပြချက်အရ သတ္တဝါတွေဟာ လူကြိုတွေအဖြစ်နဲ့ လောကကို ဦးဆောင်လာပါတော့တဲ့အချိန် သစ်ပင်ပေါ်က မဆင်းမီ လူကြိုမျောက်တွေဖြစ်လာမဲ့ မျိုးစိတ်ကို အာဖရိက မြောက်ပိုင်း အီဂျစ်မှာ တွေ့ရပါတယ် သစ်ပင်ပေါ်က ဆင်းလာပြီး မြေပြင်ရောက် မျောက်ဝံကြီးများထံမှ ဆင့်ကဲဖြစ်လာတဲ့ လူကြိုမျိုးစိတ်ကိုတော့ အာဖရိကတောင်ပိုင်း အယ်ဂျီးရီးယား၊ မော်ရကို၊ တရုပ်နဲ့ အရှေ့တောင်အာရှ ဒေသရှိ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားမှာ တွေ့ပါတယ်။ အီဂျစ်က လူကြိုမျောက်အမျိုးအစားနှင့် ဆက်စပ်လို့ ရနိုင်မဲ့ ပရိုင်းမိတ်ကို မြန်မာနိုင်ငံရှိ ပုံတောင်ဒေသ မိုးကောင်းမြို့နယ်တွင် ရှာဖွေတွေ့ခဲ့ပြီး ၎င်းမှ ဆင့်ကဲဖြစ်စဉ်ကို ဆက်လက် လေ့လာရဦးမယ်ဆိုပါတယ်။ အာဖရိက မတ်ရပ်လူ၊ ပီကင်းလူ၊ ဂျာဗားလူနှင့် ဆက်စပ်သက်တမ်းတွက်နိုင်တဲ့ နွယ်ခွေလူခေါ် အညာသားကိုလည်း မြန်မာနိုင်ငံ နွယ်ခွေဒေသမှာ ရှာဖွေတွေ့သော်လည်း ဂျာဗားလူရဲ့ သက်တမ်းနှင့် ပီကင်းလူရဲ့ သက်တမ်းတွေနဲ့ နှိုင်းယှဉ်ပြီး နေရာတခုကို ခိုင်ခိုင်မာမာရနိုင်ဖို့အတွက် ဆက်စပ် ဖော်ထုတ်ရဦးမှာပဲ ဖြစ်ပါတယ်။
လူသားသမိုင်းကို မီးကိုရှာတွေ့ပြီး လက်နက်ကိုပါ သုံးတတ်နေပြီဖြစ်တဲ့ homo erectus မတ်ရပ်လူတွေ ကနေစပြီး ပြောကြည့်ရအောင်။ ခွန်အားက ဦးဆောင်တဲ့ တိုက်ပွဲများကို မတ်ရပ်လူတွေက အဆုံးသတ်ခဲ့ပါပြီ မတ်ရပ်လူဆိုတာ ပုခုံးနှစ်ဘက်မတ်လာပြီး ကျောရိုးဖြောင့်တန်းလာပြီဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်၂သန်းက နှစ် ၂၅၀,၀၀၀ကြားမှာ နေထိုင်ကျက်စားခဲ့တဲ့ လူတွေပါ။
မတ်ရပ်လူ မဖြစ်ခင်ကတည်းက ကျောက်တုံးကျောက်ခဲတွေကို လက်နက်အဖြစ်သုံးတတ်နေပါပြီ။ ဆစ်ယူ ထုတ်ယူထားခြင်းမရှိသေးတဲ့ ကျောက်တုံးတွေနဲ့ ပစ်ခတ်ပြီး ရန်သူကို ရင်ဆိုင်ကြသလို သားကောင်အပေါ်လည်း အသာစီးရထားပါပြီ။ ၎င်းတို့ရဲ့ ရှင်သန်ရုန်းကန်ပြီး ပြောင်းလဲလာရတဲ့ အတိတ်ကာလများဟာ နှစ်သန်းဆယ်ချီထိ အလွန်ပဲ ကြာညောင်းလှပါတယ်။
မတ်ရပ်လူအဖြစ်ကိုရတော့ ပါဝါတူ အုပ်စုအချင်းချင်း ယှဉ်ပြိုင်ဖို့ ကြိုးစားလာရင်းက ဖန်တီးမှုစွမ်းအားတွေ မြင့်တက်လာတာနဲ့အတူ မတ်ရပ်လူတွေဟာ မီးကိုရှာတွေ့ခဲ့သလို မီးကို အသုံးချလာတတ်ပါ။ပြီ ရေခဲခေတ်ကာလာကြီးထဲမှာ ကြီးပြင်းရတဲ့အတွက် လှည့်လည်သွားလာဖို့ ခက်ခဲလွန်းသလို အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ရင်း နွေးနွေးထွေးထွေးရှိတဲ့ သဘာဝအကာအကွယ်များ အတွင်း အစုဖွဲ့နေထိုင်ကြရပါတယ်။
မတ်ရပ်လူတွေဟာ ကျောက်တုံးကို ပစ်ပေါက်ရုံမဟုတ်တော့ပဲ အသားများကို ခုတ်ထစ်ဖို့ သစ်ကိုင်းသစ်ပင်များကို ဖြတ်တောက်ဖို့နဲ့ တိုက်ခိုက်ဖို့အတွက် ချွန်ထက်အောင် သွေးပြီး အသုံးချလာကြပါပြီ။ ပဲခွပ်လို လက်ဆုပ်ပုဆိန်လို အသုံးပြုမှုမျိုးအပြင် သစ်ဝါးတို့နှင့် တွဲစပ်ချည်နှောင်ပြီး ပုဆိန်များကို ဖန်တီးခဲ့ပါတယ် အမဲလိုက် ငါးမျှားရင်း အလေ့ကျပေါက်တဲ့ အပင်များကို ရိတ်သိမ်း စုဆောင်း မှီဝဲစားသုံးကြလို့ Hunter-Gatherers လို့ခေါ်နိုင်ပါတယ်။
ကျောက်ခေတ်ဟောင်းဟာ လူသားအသွင် ပီပီပြင်ပြင် ရလာပြီဖြစ်တဲ့ နီဒါသယ်ရန်တို့ရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့အတူ လက်နက်ဖန်တီးမှု စွမ်းအားတွေ တစစ မြင့်မားလာပြီး ကျောက်ခေတ်လယ်နဲ့ ကျောက်ခေတ်သစ်ဆိုတဲ့ အချိန်ကာလများကို ခပ်ဖြည်းဖြည်းပဲ ကျော်ဖြတ်ခဲ့ပါတယ်။
ဟိုမိုအီရတ်တပ်ဟာ အညာသားဟု အမည်ပေး ကင်ပွန်းတပ်ခြင်းခံရတဲ့ မြန်မ့ာနွယ်ခွေ လူသားပဲဖြစ်ပြီး ပီကင်းလူသား ၊ ဂျားဗားလူသားတို့ကဲ့သို့ တူညီသော ဝိသေသလက္ခဏာများ ရှိကာ ၎င်းတို့ ခေတ်လူအဖြစ် ဖြတ်သန်းလာရတဲ့ ပုံစံတွင် အဓိကအားဖြင့် ခုတ်ထစ်ကိရိယာ (Choppers)၊
ခုတ်စဉ်း ကိရိယာ (Chopping Tools)၊ ကျောက်ပဲခွပ် (Hand Adzes)နှင့် ကျောက်ခြစ်(Scrapers)တို့ကို လက်နက်အသုံးအဆောင်များအဖြစ် အသုံးပြုကြောင်း သိရပြီး ဆီလီကာ ကြွယ်ဝသော မီးတောင်ကျောက်များ၊ အင်ကြင်းကျောက်များ ဖြင့်ပြုလုပ်ခဲ့ကြသည်။
အညာသားယဉ်ကျေးမှု အထောက်အထားတွေကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းရဲ့ မြစ်ကမ်းတလျောက်မှာ တွေ့ရတာကတော့ အညာသားလူတွေဟာ အစားအစာ၊ ရေနဲ့ ၎င်းတို့ရဲ့ ဘဝနေထိုင်မှု အဆင့်ကို မြှင့်တင်ပေးနိုင်သည့် ကုန်ကြမ်းပစ္စည်းများ ပေါများတဲ့ ဒေသကို နေထိုင်ကျက်စားဖို့ ရွေးခြယ်ထားကြလို့ပဲဖြစ်ပါတယ်။ စိုက်ပျိုးရေး အသိပညာမရှိကြသေးပေမယ့် အမဲလိုက်လို့ရလာတဲ့ အစားအစာများကို သိုလှောင်သိမ်းဆည်း တတ်ပါပြီ။
ထို့ကြောင့် မင်းဘူး- စကု ဒေသတွင် တွေ့ရသော ကျောက်ကြမ်းလက်နက် များတွေ့ရှိရကြောင်း ဆရာဦးဇော်မျိုးဦးက ဧရာဝတီမြစ် အနောက်ဘက်ကမ်းက အမေ့လျော့ခံ ပျူအထောက် အထားများ စာတမ်းတွင် တင်ပြသည်ကို စာရေးသူမှ ဧရာဝတီမြစ်ပြုဆင့်များမှ တဆင့် ဖော်ထုတ်နိုင်သော အထောက်အထားများနှင့် ထပ်မံ အတည်ပြုပါသည်။
အစောပိုင်း အညာသားယဉ်ကျေးမှု အဆင့်၂ နှင့် ၃ ကာလမှ နှောင်းပိုင်း အညာသားယဉ်ကျေးမှု အဆင့် ၁၊ နှင့် ၂၊ အညာသား ယဉ်ကျေးမှုအလွန် ကာလများထိ အဆိုပါ ဒေသ တဝိုက်တွင် ကနဦး လူသားတို့ နေထိုင်ကျက်စားခဲ့ကြသည်။
ထို့ပြင် ရေပုတ်ရွာတွင် အရေအတွက်အားဖြင့် ၅၀ကျော်တွေ့ရသော ကျောက်လက်နက်များမှာ သေးငယ်ပြီး စင်းလုံးချောနေကြောင်းကို ဆရာဇော်မျိုးဦးက မန်းချောင်းလွင်ပြင်မှ ပျူများဟူသော စာတမ်းတွင် ဖော်ပြထားပါသည်။ ကျောက်ခေတ်သစ် လူနေမှုကို ကိုယ်စားပြုပါတယ်။ ထို့ကြောင့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀မှ ၂၀၀၀အတွင်း မန်းချောင်းလွင်ပြင် တဝိုက်မှာ လူနေထိုင်မှု အထောက်အထား တွေရှိကြောင်း အခိုင်အမာ ပြောဆိုပါတယ်။
ထို့ထက် ပြည့်စုံမှုရှိအောင် တူးဖော်ရှာဖွေမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်ပြီး နိုင်ငံတကာနှင့် ခေတ်ပြိုင် လေ့လာပြီး ဧရာဝတီမြစ်ပြုဆင့်များမှ တဆင့်သိလာရမည့် မြန်မာ့ကျောက်ခေတ် လူနေမှုဘဝပုံစံကို ချိတ်ဆက်လေ့လာ သုတေသနပြုနိုင်မည့် pre historians များ ပေါ်ထွက်လာဖို့ ဆုတောင်းရမှာပါ။
ဆက်ရန်
သျှင်လေညင်း။
၉၊ ၇၊ ၂၀၁၉။
From Shin Lay Nynn facebook account
No comments:
Post a Comment