Wednesday, October 9, 2019

ရှုတိုင်းမဝ စကုဒေသ - ၂

ရှုတိုင်းမဝ စကုဒေသ- ၂

အမှန်တော့ စကုအကြောင်းကို ကွင်းဆင်းခရီးထွက်ပြီးချိန် ကတည်းက ပူပူနွေးနွေး ရေးခဲ့သင့်ပါတယ်။ ဒါပေမဲ့ ရေးချင်စိတ်မရှိခဲ့ဘူး။ စာတမ်းလုပ်နေတာလဲ ဖြစ်တော့ စာတမ်းဦးစားပေးရမှာလား ဆောင်းပါးရေးရမှာလား ဝေခွဲလို့ မရ ဖြစ်နေပါတယ်။ ဒါပေမယ့် အမေ့လျော့ခံ ပုံစံမျိုးဖြစ်နေတဲ့ စကုရဲ့အနေအထားကို လူတွေသိစေ့ချင်တဲ့ ဖော်ထုတ်ချင်တဲ့ စိတ်ကူးလည်း ရှိခဲ့ပါတယ်။

ဆိုတော့ စကုကို ဘယ်လို ရှုထောင့်ကနေပြီး ပွဲထုတ်ကြမှာလဲ မေးခွန်းက ရှိလာပါပြီ။

ဒီမေးခွန်းကို ဖြေနိုင်ဖို့က စကုမှာ ဘယ်လို သမိုင်းအထောက်အထားတွေ ရှိနိုင်မလဲ အရင် စုံစမ်းရမှာပါ။ အဆိုပါ သမိုင်းအထောက်အထားတွေက ဘယ်လောက်ထိ ရှေးကျပြီး ဘယ်လို အရေးပါ အရာရောက်မလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်။

စကုမြို့ဟာ တောင်မြောက် ၁မိုင် အရှေ့အနောက် ၁မိုင်၊ ၅၇၅ စတုရန်း ဧရိယာ ဧကသာ ကျယ်ဝန်းပါတယ်။ အဆိုပါ အဝန်းအဝိုင်းအတွင်းတွင် စေတီပေါင်း ၁၆၀ဆူ၊ အရံစေတီပေါင်း ၁၉၅ဆူ၊  ရှေးဟောင်းခြင်္သေ့ရုပ်ပေါင်း ၁၇၉ရုပ်၊ နယား၊ မကန်း၊ နဂါး ရုပ်တုပေါင်း ၄၈ရုပ်၊ ရှေးဟောင်းခေါင်းလောင်းပေါင်း ၁၆ခု၊ နတ်ရုပ် ၄ရုပ်နဲ့ ကုန်းဘောင်ခေတ်နဲ့ အခြားနောက်ပိုင်းခေတ်များက ရှေးဟောင်းဘုန်းကြီးကျောင်း များစွာရှိပါတယ်။ စကုဒေသရှိ ရှေးဟောင်းအဆောက်အအုံများဆိုတဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနထုတ် မှတ်တမ်းစာအုပ် ထွက်ရှိပြီးသား ဖြစ်သော်လည်း အဆောက်အဦးပေါင်း ၅၀ကိုသာ မှတ်တမ်းတင်ထားနိုင်ပါသေးတယ်။ ဆက်လက်ပြုစုရန်လိုအပ်သလို ဆက်ဆက် အကောင်အထည် ပေါ်နိုင်ပါစေလို့လဲ ဆုတောင်းချင်ပါတယ်။

စေတီပေါင်း ၁၆၀ဆိုတဲ့ အရေအတွက်ထဲတွင် ပုဂံခေတ်နှောင်းကာလ သက်တမ်းရှိ စေတီတွေလို့ ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များ သတ်မှတ်ပြီး မှတ်တမ်းစာအုပ်တွင်လည်း ထည့်သွင်းဖော်ပြပြီးဖြစ်တဲ့ ဘုရားတွေ ပါဝင်တယ်။ ဆိုလိုချင်တာက စကုမြို့ရှိ မြေပေါ်တွေ့ အထောက်အထားများစွာဟာ ပုဂံခေတ်ကာလ ကတည်းက စတင်ရေတွက်နိုင်ပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အပိုင်း(၁) မှာထည့်သွင်း ဖော်ပြထားတဲ့ ပုဂံခေတ် အလောင်းစည်သူမင်းက ပြည်စိုးဘွဲ့ချီးမြှင့်၍ သူကောင်းပြုခံရသူ စလင်းမြို့တည် သူကြွယ်ကြီးလေးဦး၏ မှတ်တမ်းကို အဆိုပါ ဘုရားများတည်ရှိခြင်းက ထောက်ပံ့ပေးနေပါတယ်။

စကုမြို့ရှိ သာသနိက အဆောက်အဦးများစွာသည် အဆိုပါ ပုဂံမင်း အလောင်းစည်သူ၏ အမိန့်တော်ရ စလင်းသူကောင်းမျိုးဆက်များ၏ ဒါနများဖြစ်ကြပါသည်။ စကု၊ စလင်းဒေသရှိ သာသနိက အဆောက်အဦးများ၏ အရေအတွက်ကတဆင့် စလင်း သူကောင်းမျိုးများ၏ ကြွယ်ဝမှုကိုလည်း မှန်းဆနိုင်ပါသည်။ ထိုမှ ဘုရင်အထွေထွေ ခေတ်အဆက်ဆက်မှာ ကြီးမားသော အခွန်ထောက်ပံ့မှုကို ပေးထားနိုင်ခြင်းနှင့် အတူ ရှေးခေတ်မြန်မာ့ အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အနေအထားတရပ်ကိုလည်း သဘောပေါက်စေပါတယ်။

ဘိုးတော်ဘုရားနှင့် ဦးပေါ်ဦးတို့ရဲ့ လက်သုံးစကားလို “သူ့ချည်းသာလော” ဟုအမေးရှိလာခဲ့လျှင် ပုဂံခေတ် မြေပေါ်အထောက်အထားချည်း မဟုတ် ကျောက်ခေတ်က မြေအောက်အထောက်အထား အညာသားယဉ်ကျေးမှုက စပါတယ် ဘုရားဟု ဖြေနိုင်စရာ အထောက်အထားများစွာ များစွာ စလင်းမြို့တဝိုက်၊ မင်းဘူး- စကုမြို့နယ်တဝိုက် မန်းချောင်းလွင်ပြင်တလျောက်၊ မန်းရေနံမြေ ပိုင်နက်အောက်မှာ မြေအောက်အထောက်အထားများစွာလည်း ရှိပါသေးတယ်။

ပုဂံခေတ် မင်းဘူးခြောက်ခရိုင်ထဲမှာ ပါဝင်လောက်အောင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ မင်းဘူး၊ စကုဒေသ က သူ့ရှေ့မှာ ရှိခဲ့တဲ့ လူနေအထောက်အထားများစွာကို ဘာသာရေး အဆောက် အဦးတွေမှတပါး လယ်ကွင်းတွေအောက် အရောက်ပို့ထားနှင့် ပြီးဖြစ်ခဲ့ ပါတယ်။ ထို့ကြောင့် မြို့ရိုးကြီးတွေ နန်းမြို့ရိုးတွေ နန်းတော်ရာတွေဆိုပြီး ပြစရာတော့ မရှိတော့ပါဘူး။ ဒါပေမယ့် မြို့တည်ရှိ ခဲ့ခြင်း အထောက်အထားဖြစ်တဲ့ ခုချိန် သိပ်ခေတ်စားနေတဲ့ water management system ရေသွင်းရေထုတ် စနစ်ရဲ့ အကြွင်းအကျန်တွေ၊ လက်ရှိ ဆက်လက်သုံးစွဲနေတဲ့ အအောင်မြင်ဆုံး ဆည်ရေသောက်စနစ်တွေ မြင်သာထင်သာရှိဆဲ။

 ရေတိုက်စားလို့ ပေါ်လာတဲ့ နေရာများက တွေ့ရတတ်တဲ့ ကျောက်လက်နက်များ၊  လယ်ထွန်တိုင်း၊ တွင်းတူးတိုင်း အလျှံပယ်ထွက်ထွက် လာတဲ့ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်လို့ သတ်မှတ်နိုင်တဲ့ လူသုံးပစ္စည်း များ၊ မန်းချောင်းကမ်းပြိုကျလို့ ပေါ်လာတဲ့ လက်ရေးစင်း အုတ်ရိုးကြီး စသည်ဖြင့် တွေ့ရှိမှုတွေက အံ့မခမ်း။

 မြေမီးဖုတ် ရုပ်ကြွ တံဆိပ်ပြား၊ ဗိဿနိုးက အရိုးအိုး ကဲ့သို့ အခြယ်အလှယ်များ ပါရှိသော ပျူအရိုးအိုးကြီး၊ ကြေးပေါ်တွင် အရုပ်ထွင်းထားသော အပြား၊ မိုင်းမောကဲ့သို့ အုတ်ခုံးကို အသုံးပြု၍ ဆောက်ထားသော အဆောက်အအုံ တပိုင်းတစ၊ ယက်ကန်းလွန်းဆံများ၊ ကိုယ်ပိုင် ထုတ်လုပ်သည်ဟု ယူဆနိုင်သော ယက်ကန်းလွန်းဆံ အစအနများစသည် အမွေအနှစ် အစောင့်အရှောက်ခံ စာရင်းဝင် ပျူ၃မြို့နှင့် ယှဉ်နိုင်လောက်သော တမူထူးခြားသည့် အထောက်အထားများစွာပါ တွေ့ရပါသည်။ တော်၀င်နန်းသုံး ပစ္စည်းအချို့လဲ ပါ၀င်နေတာ သတိထားမိပါတယ် ။

ထိုသို့ကြီးမားခိုင်မာသော သမိုင်းဆိုင်ရာ ရှေးဟောင်းအထောက်အထားများစွာ တွေ့ရှိထားသော်ငြား အခြားပျူမြို့တော်များနှင့် ချိတ်ဆက်လေ့လာမှု အားနည်းနေခြင်းက ဝမ်းနည်းစရာ။ တရားမဝင် တူးဖော်ခြင်းတွေကြောင့် ကုန်ဆုံးပျောက်ကွယ်တော့မည့် သမိုင်းအချက်အလက်များအတွက် စိတ်မချမ်းမြေ့စရာ ဖြစ်လို့နေရင်း…

ရှုတိုင်းမဝ စကုဒေသ- ၁

https://m.facebook.com/story.php?story_fbid=886969808326977&id=100010418981535

ဆက်ရန်

သျှင်လေညင်း။
၅၊ ၇၊ ၂၀၁၉၊

No comments:

Post a Comment

ခွန်အားဖြည့်စာစဥ်

 #အီရန်•••• အီရန်နိူင်ငံမှာ ၁၆ နှစ်အောက် ကလေးတစ်ယောက် ခိုးမှုပဲဖြစ်ဖြစ်  လုယက်မှုပဲဖြစ်ဖြစ် တစ်စုံတစ်ခု  အမှားကျူးလွန် မိတဲ့အခါ  ပြစ်မှုဟာ အ...